Sunday, April 8, 2012

ရုပ်သေးပွဲ


တိမ်တွေဖုံး ၊ ကြယ်တွေပျောက်
လမိုက်မှောင်နေတဲ့ တစ်ည
ရွာအစွန်မှာ ကျင်းပတဲ့
ရုပ်သေးပွဲလေး တစ်ပွဲ
ကြောက်လန့်စွာနဲ့ သွားကြည့်ဖြစ်တယ်......။

ပွဲစတယ်ဆိုရင်ဘဲ
ဘုရင်တစ်ပါး ထွက်လာ
သံလျှက်ကိုဟန်ပါပါမြှောက်
“မကြောက်ပါဘူး” ဆိုတဲ့ ဟန်ဆောင်မျက်နှာနဲ့
စိတ်အားတင်းပြီး ပြောလိုက်တယ်......
“၀န်မင်းများ” တဲ့...။

ဒီအခါ
ပြောင်ချော်ချော် မျက်နှာပေး
ဟန်ကိုယ့်ဖို့ဆိုတဲ့ အထာလေးနဲ့
ဝန်မင်းများ ထွက်လာ
ပြုံးဖြီးဖြီးနဲ့ “ဘုရား” လို့ထူး
ပွဲကြည့်ပရိသတ်ကတော့...
ဟဲ...ဟဲ...
ပွဲကောင်းတစ်ပွဲကြည့်ရပြီဆိုတဲ့ သဘောနဲ့ပေါ့......။

ဒီလိုနဲ့
ဇာတ်ထုတ်တွေကိုခင်း
အလွမ်း..အရမ်း..အကြမ်း..တွေနဲ့
ပွဲကြည့်သူကို သရုပ်ဆောင်ပြ
သူတို့ကိုယ်တိုင် ကလည်း
(ကြိုးဆွဲသူဆရာကြီးရဲ့)
ရုပ်သေးရုပ်တွေ မဟုတ်လား.............။

Saturday, April 7, 2012

အမေ့သားစကားတိုးတိုးပြောပါ


အမေ့သား ကျောင်းအားရက်မှာ
ဘယ်တွေကိုလျှောက်သွား
ဆန့်ကျင်းရေးစကားတွေ
ဘယ်လောက်များပြောနေမလဲ....။
"တစ်ယောက်အားဖြင့် ယူသော်မရ
တစ်သောင်းအားဖြင့် ယူသော်ရ၏" လို့
အမေ့သားပြောတဲ့စကား
ခဏခဏကြားနေရတယ်ကွယ်...။
တနေ့ကအိမ်အပြန်
သားလေးကိုတွေ့ပြန်တော့
နွမ်းလျတဲ့မျက်နှာထားနဲ့
အားမာန်ပြည့်တဲ့စကား
သမဂ္ဂထောင်ဖို့သွားရဦးမတဲ့...။
အမေ့သားဟန်ပန်
အားမာန်တွေတက်နေတော့
အမေ့ရဲ့စိတ်ထဲ ဘယ်လောက်များကြည်နူးနေမလဲကွယ်..။

ဒါပေမယ့်....သားရယ်
အမေရဲ့စိုးရိမ်စိတ် ငယ်ထိတ်အထိရောက်လာတာမို့
စကားတစ်ခွန်းတော့မှာပါရစေ...ကွယ်
အမေ့သား...စကားတိုးတိုးပြောပါ...လို့....။

Saturday, March 24, 2012



ရှေးမြန်မာ

 

သံစဉ်ချိုမြ ၊ သွေးစစွန်းနေတယ်။
 တယောအိုလည်း ၊ တီးတိုးငိုကြွေးနေတယ်။
သားတို့ကျောင်းကဒေါင်းအလံလေး
ရေမြောင်းနားမှာတွေ့ခဲ့တယ်....။